ဆလိုင်းဇုန် - ညနေ

ညနေ
ဆလိုင်းဇုန်
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၆
ညနေခင်းတွေဆို အချိန်ရရ မရရလမ်းလျှောက်ဖို့ ကြိုးစားရသည်။ လမ်းလျှောက်ခြင်းကို သိပ်ခုံမင် ကြိုက်လွန်းလို့တော့မဟုတ်။ ဆရာဝန်ညွှန်ကြား ချက်ကြောင့် ကျန်းမာရေးအရ မဖြစ်မနေလျှောက်ရမှာမို့ ကြိုးစားနေရသည်။ အပျင်းထူသည်က များသည်။ အလုပ်ကပြန်လာပြီး ခေတ္တခဏ နားလိုက်သည်နှင့် အပြင်ထပ်မထွက်ချင်တော့။ လမ်းလျှောက်ခြင်းထက် ဘီယာဗူးလေးကိုင် ယူကျုု့သီချင်းလေးတွေ နားထောင်ငေးမောနေချင်သည်။ ညနေ နေဝင်လာပြီး တဖြည်းဖြည်း အမှောင်ထုကြီးစိုးလာသည်ကို ပြတင်းပေါက်ကနေ တစိမ့်စိမ့်ကြည့်၍သာနေချင်သည်။ သို့သော် အချိန်ရတိုင်း စိတ်ကိုတင်းကာ ညနေခင်းဆိုလမ်းလျှောက်ထွက်ဖြစ်ဖို့ ကြိုးစားမိသည်။
နွေဦးရာသီရောက်လာချေသည်ကား ပန်းများစွာပွင့်ဖူးလာသည်။ ချယ်ရီပန်း၊ ဒီဖိုလ်ဒေး၊ တောပန်းများ ပွင့်လန်းကြချိန်ဖြစ်သည်။ အအေးဓာတ်လွန်ကဲရာမှ တဖြည်းဖြည်းနွေးထွေးလာသည်။ သာမာန်အားဖြင့် လူအများ အပြင်ထွက်၊ လေ့ကျင့်ခန်းလုပ်၊ လမ်းလျှောက်ကြ၊ တဆောင်းတွင်းလုံး အောင့်အီးစောင့်ဆိုင်းပြီး ယခုချိန်မှ အားပါးတရ အောက်ဒေါထွက်ကြသည့် အချိန်ခါဖြစ်ပေသည်။ နွေဦးအကူးရဲ့ သစ်လွင်မှုများကို အစဉ်အဆက် ချစ်ခင်မြတ်နိုးပါသည်။ ညနေဆည်းဆာရဲ့လှပတဲ့မြင်ကွင်းက ကြည့်၍ နှစ်လိုဖွယ် ရှိလှပါသည်။ သို့သော် လမ်း လျှောက်ထွက်ဖို့ကား အင်မတန် ခက်ခဲနေဆဲဖြစ်သည်။
တစ်ညနေတွင် လမ်းလျှောက်နေကြ မြစ်လေးတစင်းနံဘေးရောက်ဖြစ်သည်။ မြစ်ဟု ခေါ်ဆိုသော ထိုသေးသေးကွေးကွေးမြစ်သည် တချို့နေရာတွင် စမ်းချောင်းသာသာ သို့မဟုတ် မြောင်းတခုသာသာ အရွယ်။ မြစ် ကျဉ်းပိုင်း ရှိသည်။ တချို့နေရာတွင် အတန်သင့် ကျယ်ပါသည်။ သို့သော် ထိုရေစီးနေသော သစ်ပင်ကြီးငယ် မြက်ရိုင်းမျိုးစုံ ဝန်းရံပြီး သဘာဝပေါက်ပင်များကြား သေးသေးကွေးကွေး လျှောက်လမ်းနှင့်၊ မြစ်ကိုကျော်ဖြတ်ရသည့်တံတားငယ်များရှိသည်။ ထို သဘာဝလမ်းလျှောက် စရာနေရာလေးသည် မြို့လည်ခေါင်မှာ တည်ရှိ သည်။ Liffey Spring ဟု ခေါ်ကြသည်။ သာမာန်အားဖြင့် အသွားအပြန် မိနစ် ၅၀ ခန့် လမ်းလျှောက်ယူရသည်။
ယခုရက်ပိုင်း လမ်းလျှောက်မပြတ်ချင်ပါ။ လမ်းလျှောက်ရတာကို ပျော်မွေ့လာခြင်းကြောင့်တော့မဟုတ်။ မြစ်ကမ်းနှဖူးက သစ်ပင်ပေါ် အသိုက်ဆောက် နောက်မျိုးဆက်အတွက် ယာယီပြောင်းရွေ့လာသောငှက်ကလေးများကြောင့်သာ။ ငှက်ကလေးဟုသာပြောသည်။ အရွယ်အစားက ကြက်မဒန်းအရွယ်ရှိသည်။ သူတို့သည် တုတ်ချောင်းလေးများစွာကိုစုပုံပြီး အသိုက်ဆောက်ကြသည်။ မြစ်ဘက်သို့ ကိုင်းညွှတ်ကျနေသော သစ်ကိုင်းများ အပေါ်တွင် အသိုက် ၅ ခုခန့် တွေ့ရသည်။ မိသားစု ၅ စု ဖြစ်ဟန်တူသည်။
ထိုငှက်မျိုးကို ကျနော်မသိပါ။ ဓာတ်ပုံကလေးရိုက်ယူထားပြီး အလုပ်က ကီဝီသူငယ်ချင်းကိုပြ မေးရသည်။ Shag ငှက်မျိုးဟုသိရသည်။ ကျောဘက်ပိုင်းအမည်းရောင်အမွှေးရှိပြီး လည်ပင်း ရင်ဘတ်ဖက်က ဖြူဆွတ်သောအရောင်ရှိသည်။ ပင်လယ်ပြင်တွင် ဒိုင်ဗင်ထိုး ငါးဖမ်းစားသောက်ပြီး ကမ်းရိုး တန်းတလျှောက်နေထိုင်ကျက်စားကြသည့်ငှက်မျိုးဖြစ်သည်။ အနှီငှက်က လူများ ငါးမျှားရာ၊ ငါးဖမ်းရာ ရောက်လာခဲ့လျှင်ကံကောင်းခြင်းဆောင်ကျဉ်းလာသည်ဟု ယူဆကြသည်။ အမှန်က ထိုငှက်တို့သဘာဝအရ ငါးရှိရာ သိတတ် ရှာတတ် အစာရှာထွက်ကြသည်မို့ သူတို့ရှိခြင်းက အနီးနား ငါးရှိခြင်းသက်သေဖြစ်ခြင်းကြောင့်ဟု ယုတ္တိဗေဒကျကျ ကီဝီသူငယ်ချင်းက ရှင်းပြပါသည်။
နွေဦးရာသီတွင် သားဖောက်ဖို့ရာ ကုန်းတွင်း ရေနီးချုပ်စပ် သစ်ပင်ကြီးများပေါ် အသိုက်လုပ် သားပွါးကြသည်။ ၄-၅ စုံတွဲမှသည် စုံတွဲအများကြီး အတူတကွ နေထိုင် အသိုက်ဆောက်သားဖောက်တတ်ကြသည်။ အထီးရော အမပါ သားမွေးခြင်းအလုပ်အား တူတူလုပ်ကြသည်။ အသိုက်ဆောက်၊ ဥဝပ်၊ သားကောင်ပေါက် အစာရှာကျွေးခြင်း အတူတူလုပ်ကြသည်။ အမကတော့ ဥဥခြင်းအလုပ်တခု ပိုလုပ်ရသည်။ သားပေါက်များ အတောင်စုံလာ အရွယ်ရောက်လာသည့်အခါ ပင်လယ်ကမ်းခြေဘက်သို့ရွေ့ပြောင်း နဂိုနေရပ် ပြန်တတ်ကြသည်။
ပင်လယ်အကြောင်းရောက်လာတော့ ဧရိုလ်ကို သွားသတိရမိသည်။ ဧရိုလ်က မာအိုရီ လူမျိုး၊ ဒီကျွန်းကို ဗြိတိသျှတွေ မရောက်မှီ နှစ် ၂၀၀ လောက်စောရောက် နေထိုင်ခဲ့ကြသော လူမျိုးနွယ်ထဲကပေါ့။ ဧရိုလ်က ကျနော်တို့ အလုပ်တွေ ဝိုင်းကူလုပ်လေ့ရှိသည်။ မိသားစု တွေကို ရှာဖွေကျွေးမွေးနေတဲ့ ဖခင်၊ အဘိုး တစ်ယောက်။ လူက ခပ်ပိန်ပိန်၊ ဆေးလိပ်အင်မတန်ကြိုက်သူဖြစ်ပြီး၊ ဆေးလိပ် သို့မဟုတ် vape တခုခု အားတိုင်း ဖွါရှိုက်တတ်သည်။ Grass Grub ဟုခေါ်သော မြက်မြစ်စားသောက်နေသည့် ပိုးကောင်နှိမ်နင်းရေး သုတေသနလုပ်ကြရင်း ပိုမို ခင်ခဲ့ရသည်။
တရက်သား အလုပ်သွား ကားတစ်စီးထဲ အတူတူ နာရီချီခရီးပြုရင်း ရောက်တတ်ရာရာပြောမိ စကားစပ်ကြရင်း သူ့ဘဝအကြောင်းရောက်သွားသည်။ သူက ငယ်ငယ်က ပင်လယ်ငါးဖမ်းထွက်သည့် သင်္ဘောလိုက်ခဲ့ဖူးသည့်အကြောင်းပြောပြသည်။ ဧရိုလ် ပင်လယ်စလိုက်တော့ အသက်က ၁၃ နှစ်။ ထိုနှစ်မှာပဲ မိဘအိမ်ကနေထွက် တကိုယ်တည်း နေထိုင်တော့သည်ဟု ဆိုသည်။ (သည်နိုင်ငံတွင် သာမာန်အားဖြင့် အသက် ၁၈ နှစ်ဝန်းကျင်တွင် မိဘအိမ်ကထွက် မိမိဘာသာ ဘဝကျောင်းလမ်း၊ နေထိုင်စားသောက်ကြသည်။)
ဧရိုလ်ကတော့ ကျောင်းစာက ဘဝရဲ့ တိုးတက်ရာထက် အချိန်ဖြုန်းသည်ဟု ယူဆလို့ ကျောင်းထွက်ခဲ့သည် တဲ့။ သူ့အယူအဆ ခံယူချက် ကျနော့်မှာ ငြင်းစရာမရှိပါ။ ကျောင်းနားပြီး ပင်လယ်ထဲ ရွက်လွှင့် ငါးဖမ်းလိုက်တော့ လစာကောင်းကောင်းရသည်တဲ့။ ပင်လယ်ပတ်လည်ဝိုင်းသည့် ကျွန်းနိုင်ငံလေးဖြစ်လေသောကြောင့် ငါးဖမ်းခြင်းအလုပ်က တွင်ကျယ်ခဲ့သည်ဟု ဆိုသည်။ မဆုံးနိုင်တဲ့ပင်လယ်ပြင်ကျယ်ကျယ်မှာ ဘဝက မဆုံးစတမ်း ပြောစရာ ရင်ခုန်စရာနေ့တိုင်းရှိသတဲ့။ ပင်လယ်ကမ္ဘာအကြောင်းဟာ လွမ်းဖွယ်ကောင်းလှသည်။ ပျော်စရာများစွာ ရင်ခုန်လှိုက်မောစရာများစွာလည်းရှိသည်တဲ့။ နောက် သူ့ရဲ့ သေမလောက် လှိုင်းထန် မုန်တိုင်းအောက် စွန့်စားခဲ့ရတဲ့ ဖြစ်ရပ်ကို ပြောပြသည်။
တနေ့ ပင်လယ်ပြင် ငါးဖမ်းစဉ် မုန်တိုင်းကျလာသတဲ့။ ဖြစ်ချင်တာ့ ပိုက်ကွန်ထဲ အဆမတန် ငါးများစွာ မိနေသည့်အချိန်။ လချီကြာအောင် ပင်လယ်ထဲထွက်ပြီးမ ဖမ်းမိထားတဲ့ ငါးများဖြစ်ကြောင့် လက်မလွှတ်ချင်ကြ။ နှမျောကြသည်။ ရဲရဲရင့်ရင့် ပိုက်ကွန်ကို ပိုင်းချ ချည်နှောင်ပြီးနောက် လေငြိမ်သည့်အခါ ပြန်ဆွဲဖို့ စီစဉ်ကြသည်။ ထိုသို့ဖြတ်ချရန် လူက ပင်လယ်ထဲခုန်ဆင်း လုပ်ရမည်။ အတော်ကို အန္တရယ်ကြီးသည်။ ထိုအလုပ်ကို သူ လုပ်ခဲ့သည်။ သို့သော် သူက ပိုက်ကွန်ဖြတ်ချ၊ စည်းနှောင်ပြီးချိန်တွင် သင်္ဘောကား သူနဲ့ ဝေးရာ သို့တရွေ့ရွေ့၊ လှိုင်းအောက်တွင် ရေကူး၍လည်းမရ၊ မြင်နေရင်းတန်းလန်း လေထန်လှိုင်းထန်သည့်ပင်လယ်ပြင်တွင် သင်္ဘောက မျက်စိအောက်က ပျောက်ဆုံးသွားလေချေပြီ၊ ပထမဆုံး သူဝမ်းနည်း ကြောက်စိတ်ဝင်လာသည်။ သူ ဒီနေရာမှာပဲ သူ့ဘဝ အသက် နိတ္ထိတံလေတော့မည်လား၊ မိသားစုများ ပြန်မဆုံနိုင်တော့ဘူးလားဟု အတွေးမြင်ရခဲ့သည်ဟုဆိုသည်။ နောက်နာရီအတန်ကြာမှ သင်္ဘာက ပြန်ပေါ်လာပြီး သူ့ကိုကော ပိုက်ကွန်ကော သယ်လာနိုင်ခဲ့ကြသည်။
ထို့နောက် သူ့ဆုံးဖြတ်ချက်ကား ပင်လယ်သို့မလိုက်တော့၊ ရှိရာအလုပ်လုပ်ကိုင်ရင်း မိသားစုနဲ့ နီးနီးကပ်ကပ် အတူနေနိုင်ဖို့ ကြိုးစားနေခဲ့သည်ဟု ဧရိုလ်ဟာ ကားပေါ်တွင် မဖွါသောက်ရသောကြောင့် တင်းတင်းဆုပ်ကိုင်ထားသော vape ကို သတိလက်လွတ် စုပ်ဖွါဖို့ ကြိုးစားမိရင်း တွေတွေငေးငေးပြောဖူးသည်။
တစ်ညနေ လမ်းထွက်ချိန်တွင် Shag ငှက်ကလေးများရဲ့ အသိုက်များတွင် ငှက်ပေါက်ကလေးများတွေ့ရသည်။ ငှက်မိဘများက အစာခွံ့ကျွေးနေကြသည်။ လမ်းဆက်မလျောက်နိုင်ပဲ တံတားလေးပေါ်ရပ် အချိန်တန်ကြာ ငေးကြည့်နေမိသည်။
ထိုငှက်များသည် များမကြာမှီအတောင်ပံစုံကြလျင် မိသားစုများ တအုပ်တသိုက် နေရပ်ပြန်ကြဦးမည်။ ပင်လယ်ပြင်ကြီးက ဘယ်လောက်ပင် ကျယ်ပြောမာယာများပါစေ သူတို့ရဲ့ စားကျက်နေရာ သူတို့တည်ရှိ တည်နေရာသို့ ပြန်သွားကြဦးမည်။ ဧရိုလ်တော့ ပင်လယ်ထဲ ငါးဖမ်းပြန်သွားတော့မည်မထင်ပါ။ ကျနော်ကိုယ်တိုင် ဘယ်ဆီ ဘယ်ဝယ်ပြန်သွားရမည်မသိ။ လမ်းဆက်မလျှောက်ဖြစ်ပဲ ပြန်လာခဲ့သည်။ အတွေးထဲတွင် နေရပ်၊ စားကျက်အကြောင်းနဲ့ မိသားစုအကြောင်းများ ရောယှက်နေသည်။ နွေဦးရဲ့ ညနေ နေဝင်ချိန်က ရှစ်နာရီထိဖြစ်လာနေပြီ၊ အမှောင်မစခင် အိပ်ရာဝင်လိုက်တော့မှလေ။
ဆလိုင်းဇုန်
၁၅ အောက်တိုဘာ ၂၀၂၆
လင်ကွန်း၊ နယူးဇီလန်
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
The full article is being collected. Available text is shown for now.