Back

ဇာနည် - ကြောင်လိမ်လှေကားပမာသမိုင်းစာမျက်နှာများ (သို့မဟုတ်) ကျနော်နဲ့ ကိုအောင်စောဦး

Story illustration

စာရေးသူ ဇာနည် + ကိုအောင်စောဦး

ကြောင်လိမ်လှေကားပမာသမိုင်းစာမျက်နှာများ

(သို့မဟုတ်) ကျနော်နဲ့ကိုအောင်စောဦး

ဇာနည်

(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၆

ကိုအောင်စောဦးကိုသိခဲ့တာကြာပါပြီ။သူ့ကိုပဲခူးတိုင်းအနောက်ခြမ်းက ဇီးကုန်းသားလို့ထင်ခဲ့မိတယ်၊ နောက်မှသူက မြစ်ဝကျွန်းပေါ်ပုသိမ်သားဖြစ်နေတာသိခဲ့ရတယ်။

(၂၀၀၄) ထိုင်းကို ကျနော်ဒုတိယမ္ပိအလည်ရောက်တော့ သူတို့ကိုသန်းထွဋ်ကြီးတို့က အမျိုးသားကောင်စီ (NCUB) မှာရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (NLD,LA) မှာရော ဆရာကြီးတွေဖြစ်နေကြချိန်။ ထားပါတော့ ကျနော်က သူတို့ကို အဲ့ဒါတွေထက် (၇၄-၇၅-၇၆) မျိုးဆက်တွေအနေနဲ့ပိုစိတ်ဝင်စားပါတယ်။ ကိုသန်းထွဋ်ကြီးက ကျနော်တို့အနောက်ခြမ်းသား၊ သူ့အဖေရဲဘော်လှကြည် က ကျနော့်တို့အဖေနဲ့ဂျပန်ခေတ်က (BIA) ခေတ်တုံးကအတူတူ။ ရဲဘော်လှကြည်က ဗကပ ပဲခူးတိုင်းကော်မတီခေါင်းဆောင် တောထဲမှာပဲကျဆုံးသွားခဲ့ရတယ်။ ကိုသန်းထွဋ်ကြီးက တောထဲမှာမွေးခဲ့တာ။ ပဲခူးရိုးမပေါ်မှာ ဆေးပစ္စည်းမစုံမလင်နဲ့မွေးခဲ့ရတော့ သူ့ပါးစပ်တဖက်ကနဲနဲရွဲ့နေခဲ့ရတယ်။ ရဲဘော်လှကြည်ရဲ့ညီ ကိုသန်းထွဋ် ဦးလေး "ဦးကင်းစိန်"က ကျနော်တို့နဲ့ အင်းစိန်သီးသန့်ထောင်မှာ အတူတူနေခဲ့ရဘူးတယ်။ ဦးကင်းစိန်လဲ အင်းစိန်ထောင်ထဲမှာဘဲ ကျဆုံးခဲ့ရတယ်။ ကိုသန်းထွဋ်ရဲ့ညီဝမ်းကွဲ ဦးကင်းစိန်သား ငွေထွန်းမြင့် (အရှည်ကြီး) က အမေရိကား ကျနော့်နေတဲ့မြို့မှာဆုံးသွားတော့ သူ့စျာပနကို အလံသုံးလက် (ဗကသ -လဘသ-အေဘီ) အုပ်ပြီး သဂြိုလ်ပေးခဲ့ပါတယ်။ သူတို့မိသားစုအားလုံးက ကွန်မြူနစ်စစ်စစ်တွေလို့ပြောရမယ်ထင်ပါတယ်။

ကိုအောင်စောဦးတို့ ကိုအောင်မှိုင်းတို့က မြစ်ဝကျွန်ပေါ်အဖွဲ့တခုတည်ထောင်ထားတယ်၊ အဲ့ဒီထဲမှာ ကျနော်နဲ့ညီအကိုလိုခင်တဲ့ ဇော်ဇော်လှိုင် ဆိုတဲ့ရဲဘော်လေးလဲပါတယ်။ ကျနော့်ကို မောင်ဆောင်းခ (BPLA) ကွပ်ကဲရေးမူးက တပ်မဟာ(၅)ထဲက သူတို့စခန်းကိုခေါ်သွားတုံးက သံလွင်မြစ်ကမ်းပါးက ကိုအောင်စောဦးတို့စခန်းကိုလဲရောက်ခဲ့ပါသေးတယ်။

ဒီဇင်ဘာ (၂၀)ရက်နေ့ ဗိုလ်အောင်ကျော်နေ့မှာ ကိုအောင်စောဦးက ကျနော်နေတဲ့နားက ဝါတာနာဆိုတဲ့နေရာတခုမှာ သမိုင်းခေတ်အဆက်ဆက်ကျောင်းသားလှုပ်ရှားမူ့တွေအကြောင်းရေးထားတဲ့သီ ချင်းတွေနဲ့နောက်ခံဖြစ်ရပ်သမိုင်းကြောင်းလေးတွေကိုရှင်းပြတဲ့ "ခွပ်ဒေါင်း ကဒေါင်း တေးဆိုတဲ့ဒေါင်း အနုပညာတင်ဆက်မှု" ခေါင်းစဥ်နဲ့ ပွဲလေးတခုလုပ်တယ်။ အဲ့ပွဲကို ကိုအောင်စောဦးတို့အမှုတွဲ ကျနော်နဲ့ညီအကိုလိုခင်တဲ့ ကိုအံခိုင် (ဆေး ၁, ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်း) ကျောင်းသားခေါင်း ဆောင်လာလို့ လိုက်ပို့ရင်း တက်ဖြစ်ခဲ့ပါတယ်။

ကိုအောင်စောဦးက တော်တော်စာဖတ်နာတဲ့ပုဂိုလ်တဦးပါပဲ။ ကိုလိုနီခေတ် လွတ်လပ်ရေးကြိုးပမ်းမှုကာလနဲ့ ခေတ်သစ်သမိုင်းတွေကို ကြေကြေညက်ညက် လေ့လာထားပုံရတယ်။ လူတွေ နာမည်တွေ အချိန်ကာလတွေ နေ့ရက်တွေနဲ့အတိအကျပြန်ပြောနိုင်တယ်။ ကိုယ့်ကိုယ်ကိုစာဖတ်နာတယ်လို့ထင်ထားတဲ့ကျနော် ကိုယ်တိုင်တောင် မသိမမီတဲ့သမိုင်းတွေကို ပြန်ပြောပြနိုင်လို့ အံသြခဲ့ရတယ်။

တနေ့ သူတို့ရုံးခန်းကိုအလည်ခေါ်လို့ ကျနော်နဲ့ အောင်သူ (တံတားနီ) အလည်အပတ်သဘောမျိုးရောက်သွားခဲ့တယ်။ သူ့ဆီက သူရေးသားပြုစုထားတဲ့စာအုပ်တချို့ကို သူ့နာမည် သူ့လက်မှတ်နဲ့ကျနော့်ကိုလက်ဆောင်ပေးတယ်။

- တိုင်းပြုပြည်ပြု့စာရေးဆရာ ဗန်းမော်တင်အောင် (စီစဥ်သူ အောင်စောဦး)

- သမိုင်းမှန်ကူကွက်များ (ပြုစုသူ အောင်စောဦး)

- လွတ်လပ်ရေးရွှေရတု (ပြုစုသူ အောင်စောဦး)

- လူ့ငယ်အသံ (ရေးသူသမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၊ ထုတ်ဝေသူ အောင်စောဦး)

တိုင်းပြုပြည်ပြုစာရေးဆရာ ဗန်းမော်တင်အောင်က ဆရာဗန်းမော်အကြောင်း၊ ဒဂုန်တာရာ ဗိုလ်ချုပ်ကျော်ဇော၊ လေထီးဗိုလ်အုန်းမောင်၊ မြသန်းတင့်၊ ပါရဂူ၊ ဒေါင်းနွယ်ဆွေ၊ တင်မိုး၊ ထက်မြက်၊ စည်သူမြသန်း (သခင်မြသန်းသား)၊ မောင်ညိုပြာ၊ အောင်မော် (မိုးဝေမဂ္ဂဇင်း)၊ ဝင်းတင့်ထွန်း (ကိုဟန်ထွန်း) စတဲ့သူတွေရေးထားတဲ့ စာတွေ ကဗျာတွေပါတယ်။ အဲ့ဒီထဲမှာ ဦးလှရွှေ (၆၂ ကျောင်းသားခေါင်း ဆောင်) ရဲ့ဇနီး ဆရာမဒေါ်ခင်မာအေး (ကလောင်အမည် ညံဇန်) ရေးထားတဲ့ကဗျာလေးတပုဒ်ပါလို့ (၂၀၂၁) ခုနှစ်ကျနော်ထောင်ကလွတ်ခါစ နယ်စပ်ကပို့ပေးလိုက်တဲ့ တိုင်းပြုပြည်ပြုစာရေးဆရာ ဗန်းမော်တင်အောင်စာအုပ်ကို တောင်ဥက္ကလာက ဒေါ်ခင်မာအေးကြက်ခြံကိုသွားပြီး လက်ဆောင်ပေးခဲ့ဖူးတယ်။ ဆရာဗန်းမော်တင်အောင်ရဲ့ "မြိုင်" ဝတ္ထုထဲက ဇတ်ကောင် "ကိုတင်ဦး" ကိုသဘောကျလွန်းလို့ ဆရာမဒေါ်ခင်မာအေးက အပြင်မှာလိုက်ရှာရင်း ဦးလှရွှေနဲ့တွေ့ပြီး ညားခဲ့ကြောင်းပြောပြခဲ့တာမှတ်မိနေပါသေးတယ်။

အခု တိုင်းပြုပြည်ပြုစာရေးဆရာဗန်းမော်တင်အောင်စာအုပ်က ကျနော့်လက်ထဲရောက်လာတဲ့ ဒုတိယမ္ပိစာအုပ်ပေါ့လေ။ ကျနော်တို့ကလဲ ဆရာဗန်းမော်တင်အောင်ဆိုတာ ကျနော်တို့ရဲ့နိုင်ငံရေးနဲ့အနုပညာစံတန်ဘိုးတွေမဟုတ်လား။

နောက်"သမိုင်းမှန်ကူကွက်များ" ဆိုတဲ့စာအုပ်ကတော့ မြန်မာ့ခေတ်သစ်သမိုင်းထဲက မှတ်တမ်းမှတ်ရာတွေကို ကိုအောင်စောဦးကရှာဖွေစုဆောင်းထားတာကို အစဥ်လိုက်ပြန်စီပြီးပြုစုထုတ်ဝေထားတာ။ စစ်ပြီးစမှာလုပ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဒုတိယအကြိမ်ကွန်ဂရက်တုန်းက သခင်သန်းထွန်းမိန့်ခွန်း၊ ကန္ဒီစာချုပ်၊ နေသူရိန်အစည်းဝေး ..စတဲ့သမိုင်းတွေပါတယ်။

လွတ်လပ်ရေးရွှေရတုကတော့ ဗိုလ်ချုပ်ကျော်ဇော(ရဲဘော်သုံးကျိပ်) အင်တာဗျုးနဲ့ တချို့သမိုင်းမြုပ်ကွက် ဟာကွက် ဆောင်းပါးတွေကို လေ့လာသိရှိခွင့်ခဲ့ရပါတယ်။

မြန်မာ့လူငယ်အသံကတော့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းဘာသာပြန်ထားတဲ့ မြန်မာ့ကျောင်း သားလှုပ်ရှားမှုသမိုင်းအကြောင်းတွေနဲ့ ဒေါက်တာသန်းထွန်းဆောင်းပါးတွေ ပါတယ်။ ဒီစာအုပ်ထုတ်ဖို့လုပ်တော့ မျက်နှာဖုန်းပုံကို ဘယ်ပုံနဲ့ထုတ်မလဲလို့ ဒေါက်တာသန်းထွန်းကိုမေးတော့ ဒေါက်တာသန်းထွန်းက ရွှေတိဂုံဘုရားစနေထောင့်က (၁၉၂၀) ပထမကျောင်းသားသပိတ် ကျောက်စာတိုင်ပုံလေးနဲ့ရရင်ကောင်းမယ်ဆိုလို့ ကိုအောင်စောဦးကိုယ်တိုင်သွားရိုက်ယူပြီး မျက်နှာဖုန်းအဖြစ်ရိုက်နှိပ်ထုတ်ဝေခဲ့တာပါ။

နောက်ထပ် ကိုအောင်စောဦးရဲ့ကြိးပမ်းမှုနဲ့ ဗိုလ်ချုပ်ကျော်ဇော (ရဲဘော်သုံးကျိပ်) ရဲ့အထုပ္ပတ္တိ "ဆိုင်းစုမှသည် ပန်ဆန်းဆီသို့ "စာအုပ်လဲ ကျနော့်ဆီမှရှိပါသေးတယ်။

ဒီစာအုပ်တွေကို ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး လက်ဆောင်ပေးတဲ့စာပေအနုပညာနဲ့သမိုင်းတွေကို စိတ်ဝင်တစား သေချာကျကျနနလေ့လာမှတ်သား မှတ်တမ်းတင်ထားတဲ့ ကိုအောင်စောဦး (၁၉၇၆ , မှိုင်းရာပြည့်) ကျောင်းသားခေါင်းဆောင်ကို အထူးကျေးဇူးတင်ပါကြောင်းပြောလိုပါတယ်။

တဆက်တည်း ကျနော်တို့ ၈၈ မျိုးဆက်တွေတောင် (၆၀) တန်းတွေဖြစ်ကုန်ကြပြီ၊ ပြောရရင်တော့ သမိုင်းလက်ကျန်ရက်တွေက သိပ်မရှိတော့ပါဘူး။ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲတွေက တော့ ကျနော်တို့မရှိလည်း ဆက်ရှိနေဦးမှာပါ။ နောက်မျိုးဆက်တွေက လက်ဆင့်ကမ်းသယ်ဆောင်သွားကြပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့ရဲ့ရှေ့မျိုးဆက် နောင်တော် စီနီယာ (၇၄-၇၅-၇၆) ကျောင်း သားမျိုးဆက်တွေအားလုံးလဲ ကျန်းမာသက်ရှည်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ သူတို့ ခင်းခဲ့လမ်းကြောင်းပေါ်မှာ ကျနော်တို့လျှောက်လာခဲ့ကြတာမဟုတ်လား။။

ချစ်ခြင်းသစ္စာဖြင့်…

ဇာနည်

(၆-၁-၂၀၂၅)

-

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar

The full article is being collected. Available text is shown for now.

Back
Share this story

Get the daily newsletter →

Ask globalread.info

AI news & website helper
What would you like to explore?

I can find stories, explain headlines, or help you use globalread.info.

AI can make mistakes. Check the linked sources. Questions are sent to OpenAI.