← globalread.info

MoeMaKa Media · 10/13/2026 · 0 views

Share this story

မန်းဖိုးအေး(ဝါးခယ်မ)- မြစ်ဆုံဆည်တကျော့ပြန်ဆောက်လုပ်ရေးကိုကန့်ကွက်ခြင်း အပိုင်း(၂) ကျနော့်အကြာင်း တစေ့တစောင်း

Story illustration

မြစ်ဆုံဆည်တကျော့ပြန်ဆောက်လုပ်ရေးကိုကန့်ကွက်ခြင်း

အပိုင်း(၂) ကျနော့်အကြာင်း တစေ့တစောင်း

မန်းဖိုးအေး(ဝါးခယ်မ)

(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၆

ကျနော့်အကြောင်းကို လိုတိုရှင်းပြောပြမယ်။ အဖေက ဒုတိယကမ္ဘာစစ်မတိုင်ခင် ရေသစ်၊ မြေသစ်ရှာဖို့ သူ့အကိုတန်ကြိုင်ရင်နှင့်အတူ တရုတ်ပြည် ဖုကျဲန်ပင်လယ်ကမ်းရိုးတန်းကနေ ပင်လယ်ရေကြောင်းဖြင့် မြန်မာနိုင်ငံဆီ ရောက်လာတယ်။ ထိုစဉ်က တရုတ်ပြည်မှာ စစ်မက်တိုက်ခိုက်မှုကလဲများ၊ သူပုန်သကန် တောပုန်းဓားပြကလဲများ၊ ခိုးဆိုးလုယက်မှုကလဲများ၊ မင်းစိုးရာဇာမြေရှင်တို့ရဲ့ အခွန်အတုတ်ကလဲများ၊ မိုးခေါင်ရေရှားမှု၊ ရေလွှမ်းမိုးမှု၊ ငလျင်ဘေး အစရှိတဲ့ သဘာဝဘေးဒဏ်တို့ကလဲ များပြားလှတယ်။ မင်းဘေး၊ စိုးဘေး၊ ရာဇဝတ်ဘေး တို့ကပါ များပြားလွန်းတာကြောင့် တရုတ်ပြည်သားတို့မှာ ဘေးဒဏ်အသွယ်သွယ်တို့ကြောင့် ပင်လယ်ကမ်းရိုးတန်းတို့ကနေ ရေလမ်းကြောင်းဖြင့် မြန်မာနိုင်ငံသို့ ခိုလှုံရောက်ရှိလာကြပါတယ်။

ကျနော့်ဖခင် တန်ကျိုက်စေ့နှင့် အဖေ့အကို တန်ကျိုက်ရင်တို့ဟာ ပင်လယ်ရေကြောင်းဖြင့် မြန်မာနိုင်ငံသို့ရောက်လာကြတယ်။အသက်မွေး ဝမ်းကျောင်းအဖြစ် စက်ချုပ်ပညာရပ် တတ်ကျွမ်းပြီး ဝမ်းစာရှာပါတယ်။ လူငယ်ဖြစ်တာကြောင့် ပိုးကရင်သူ ကျနော့မိခင် နန့်ရွှေညွန့်နှင့် လူငယ်တို့ဘဝ မေတ္တာမျှကြ၊အိမ်ထောင်ပြုကြပါတယ်။ကျနော့ဘကြီး တန်ကျိုက်ရင်လဲပဲ မွန်ပြည်နယ် ကျိုက်ထိုသူ ဗမာမလေးနှင့် လက်ဆက်ပေါင်းသင်း ကြပါတယ်။ပညာစုံ ကြင်ယာပါစုံကြတဲ့ ဖခင်နှင့် ဘကြီးတို့ဟာ မိမိတို့ရဲ့ ချစ်သက်ထားတို့ကို ကိုယ်စီလက်ဆွဲပြီး ဖုကျဲန့်ပြည်နယ် ဖုကျိုးကျေးလက်ဆီ မိမိတို့ရဲ့အိမ်ထောင်ဘက်ကို ကိုယ်စီလက်တွဲပြီး ဆွေပြမျိုးပြ ဌာနေရပ်ဆီ ပြန်ကြပါတယ်။

တရုတ်ပြည်မှာ မွင်းအင်း(ဒေါ်တင်ကြည်)ငို့အင်း (ဒေါ်တင်ရီ)သမီးနှစ်ယောက် ဖွားမြင်ပါတယ်။အနေကြာတော့ အမေဟာ ဟုတ်ကြူးစကားကို ဟုတ်ကြူးမစစ်စစ်တယောက်လို ရေရေလည်လည် ပီပီသသ ပြောနိုင်ပါတယ်။အဖွားက အမေ့ကို တအားချစ်တယ်။

ကျနော့အမေက ကရင့်ရိုးရာကိုးမြို့နတ်စားတဲ့သူပါ။အမေ့ရိုးရာ ကိုးမြို့ရှင်နတ်မင်းက နှစ်ရှည်လများ သူ့ကိုပူဇော်ခြင်းမရှိတာကြောင့် တောတောင်သမုဒ္ဒရာ ရေပြင်တို့ကို ကျော်ဖြတ်ပြီး အမေ့ကို အိပ်မက်ပေးပါတယ်။အမေ တငိုငိုတရယ်ရယ်ဖြစ်တာ ကြာရှည်လာတော့ အဖေရိပ်စားမိတယ်။ မေးလာတော့ အမေကအဖေ့ကို ဖြစ်ကြောင်းကုန်စင် ရှင်းပြပါတယ်။ပူဆွေးမှုတွေ အဖေ့ဆီပါ ကူးစက်သွားတယ်။ကာလရှည်ကြာ ညှိုးလျော်ကျတဲ့ သားနဲ့ချွေးမတို့ကို အဖွားစပ်စုမေးမြန်းလာတယ်။အမေနဲ့အဖေ ဖြစ်ကြောင်းကုန်စင် အဖွားကိုပြောပြလိုက်တယ်။မတားသာတဲ့အဆုံး ကျနော့ရဲ့ အမိအဖနဲ့ အမနှစ်ယောက်ကို မြန်မာပြည်ပြန်ခွင့် အဖွားခွင့်ပြုလိုက်တယ်။အဖွားတို့က ဆင်းရဲတာကိုး၊ငွေကြေးမထုတ်နိုင်ပါ။မြန်မာပြည် အမေ့ဇာတိ အူကျွန်းရွာဆီ လူကြုံလွှတ်ပြီး ငွေကြေးအကူအညီ တောင်းခံကြတယ်။ရွာက ဦးလေးအဒေါ်တွေ စုပေါင်းပြီး အမေနှင့်အဖေ အမငယ်နှစ်ယောက် ပြည်တော်ပြန်ဖို့ ငွေကြေးပေးပို့ကြတယ်။ဘကြီးတို့မိသားစုကလဲ ကျနော့မိဘတွေလိုပဲ မြန်မာဆီ ပြန်လိုကြတယ်။မတတ်သာတဲ့အဖွား မချိတင်ကဲ ခွင့်ပြုလိုက်ပါတယ်။ဘကြီးရဲ့ သား အကြီးဆုံးကတော့ အဖွားနှင့်အတူ နေကျန်ခဲ့တယ်။အကိုကြီးဟာ လူမင်တန်အစိုးရ ချန်ကေရှိတ်တပ်ဖွဲ့နှင့်အတူ ထိုင်ဝမ်ဆီ ရောက်ရှိတယ်ကြားသိရပါတယ်။အခုဆိုရင် အကိုကြီး(ဝမ်းကွဲ)ရဲ့ မိသားစုတွေ ထိုင်ဝမ်မှာ ရှိနေမှာပါ။သို့သော် တခါဘူးမှ ဆက်စပ်ဖူးတာမရှိလို့ မသိကျွမ်းနိုင်ပါ။ကျနော့အဖေနဲ့ ကျနော့ဘကြီး မတော်တဆ ချိတ်ဆက်မိရင်တော့ ဆွေမျိုးတွေ ပြန်လည်ပေါင်းဆုံကြရတာပေါ့။ဝမ်းကွဲအကိုသာ သက်ရှိထင်ရှား ရှိနေသေးရင် အသက် ‌၉၀ကျော် ၁၀၀လောက် ရှိမှာပါ။

အဖေနှင့်ဘကြီးတို့ ဒုတိယအကြိမ် တရုတ်ပြည်က ထွက်ခွာပြီး မြန်မာနိုင်ငံဆီ လာရောက်နေထိုင်တာက ဒုတိယကမ္ဘာစစ်မီးကြီး မတောက်လောင်ခင် မြန်မာနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီ လက်အောက်မှာပဲ ရှိနေသေးတဲ့အချိန်ကာလပါ။

မိဘနှစ်ပါးဟာ အမေ့ရဲ့ဇာတိ အူကျွန်းရွာမှာ အခြေချ နေထိုင်ပါတယ်။အူကျွန်းရွာမှာ အကိုဒန်ဒိုးနှင့် အမ နန့်အောင်သန်းရင်ကို မွေးဖွားပါတယ်။ကျနော့အမအငယ်ဆုံး နန့်အောင်သန်းရင်ဟာ စကားတွတ်တီးတွတ်တာ တတ်ကျွမ်းပါတယ်။ဂျပန်ကြီးစိုးစဉ်ကာလဆိုတော့ ဂျပန်တေးသီချင်းကိုပါ သီဆိုတတ်တယ်ဆိုပဲ။အမငယ်ဟာ ကလောပီနံ တောက်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ တိမ်းပါးသွားပါတယ်။အမငယ် နန့်အောင်သန်းရင် တိမ်းပါးသွားပြီးနောက်တနှစ် ၁၉၄၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ ၁၃၀၆ခုနှစ် ဝါဆိုလပြည့်ကျော် ၁၄ရက် အင်္ဂါနေ့ နေတက်ရေတက်မှာ ကျနော် စဒဲ့ဒေးကို မွေးဖွားပါတယ်။

ကျနော်တို့နေတဲ့အူကျွန်းရွာဟာ ထိုစဉ်က ကရင်လက်နက်ကိုင် ကော်သူးလေကြီးစိုးတဲ့ ကရင်တွေချည်းလိုလို နေထိုင်တဲ့ ရွာငယ်လေးပါ။လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ပါ ယှဉ်တွဲပေါ်ပေါက်လာတယ်။ အင်းစိန်တိုက်ပွဲမှာ ကရင်တို့ ရှုံးနိမ့်သွားတယ်။ဖဆပလ အစိုးရစစ်တပ်က ကျည်း၊ရေ‌၊လေ စစ်ကြောင်း သုံးကြောင်းဖြင့် ကရင်ရွာတွေကို ထိုးစစ်ဆင်ပါတယ်။ကျေးလက်နေပြည်သူတို့ စစ်ဘေးဒုက္ခသည်အဖြစ် အသက်လု ပြေးလွှားကြရပါတယ်။

ဒီအတိုင်း ပြေးလွှားနေလို့ မဖြစ်ချေဘူးဆိုပြီး အဖေဟာ ၁၉၅၂ခုနှစ်မှာ ဝါးခယ်မမြို့ဆီ အခြေချနေထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ဝါးခယ်မမြို့ရဲ့အရှေ့ပိုင်း၊ ရေကျော်ရပ်ကွက်၊ အလယ်ရုံးတံတားအဆင်း မြို့မလမ်းမှာ အခြေတကျ နေထိုင်လိုက်တယ်။

ကျနော့အသက် ရှစ်နှစ်အရွယ်ရောက်ချေမှ အိမ်နှင့်မလှမ်းမကမ်း မီးသတ်ရုံနောက်ဘက်က တာဝတိံသာ ဘကဘုန်းတော်ကြီးကျောင်းမှာ ကျောင်းစတက်ပါတယ်။ဦးဇင်းဘိုကြီးနှင့် ဆရာကြီးဦးသန်းမောင်တို့က အသင်အပြ အင်မတန်ကောင်းပါတယ်။သို့သော် နှစ်ဦးစလုံး အရိုက်အနှက် ကြမ်းလှတယ်။

ကျနော် သူငယ်တန်း စတက်တယ်။သုံးလဖြင့် မြန်မာစာ ဗျည်း၊သရတို့ကို ပေါက်ပေါက်မြောက်မြောက် ပေါင်းတတ်၊ဖတ်တတ်၊ရေးတတ်ပါတယ်။အကိုအမတွေဖတ်တဲ့ ဇာတ်စာတွေ၊ ပြဇာတ်စာတွေ ပုံပြင်၊ဝတ္ထုတို့ကို ဖတ်နိုင်၊ပြောနိုင်ပါပြီ။အစောဆုံးဖတ်ခဲ့တဲ့ ဝတ္ထုကြီးကတော့ သခင်မြညွန့်ရေးတဲ့ 'မမိုးဆွေ' ဝတ္ထုပါ။မမိုးစွေ ဝတ္ထုကနေ လယ်ပိုင်ရှင် သူဌေးသူကြွယ် ငွေကြေးချမ်းသာသူတို့ရဲ့ လူမဆန် ရက်စက်ယုတ်မာမှုတို့ကို ထိုစဉ်ကတည်းက စက်ဆုတ်ရွံရှာ မုန်းတီးခဲ့ပါတယ်။

၁၉၅၃ခုနှစ်ဆီ ရောက်လာတယ်။ဘုရားကြီးလမ်းနှင့် မြို့မလမ်းဆုံက ရှေးဟောင်းနှစ်ထပ် ချစ်တီးတိုက်ကြီးမှာ တရုတ်အမျိုးသားကျောင်း စတင်ဖွင့်လှစ်ပါတယ်။အဖေက ကျနော့ကို တရုတ်ကျောင်းဆီ တက်ရောက်စေတယ်။ဟွာချောင်ရွှယ်ရှောက် တရုတ်နီကျောင်းလို့ ခေါ်တွင်ပါတယ်။ဝါးခယ်မမှာ ဟိုးယခင်ကတည်းက တရုတ်ဖြူကျောင်းလို့ ခေါ်တွင် ယတဲ့ တရုတ်ကျောင်းက ဝါးခယ်မမြို့ အရှေ့ပိုင်းမှာ ရှိခဲ့ပါတယ်။ကျင်းသိန်းစတိုး(တက္ကသိုလ်မြသွင် မိဘရဲ့ စတိုးဆိုင်ကြီး) အစရှိတဲ့ တရုတ်သူဌေးသူကြွယ်တို့ရဲ့ သားသမီးတွေ တက်ရောက်ပါတယ်။ကျောင်းသားအရေအတွက် မများလှပါ။

၁၉၆၃ခုနှစ် နှစ်ဆန်းပိုင်းမှာ ဝါးခယ်မတရုတ်ကျောင်းက အလယ်တန်းအဆင့်ကို ပြီးမြောက်ပါတယ်။ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တာနဲ့ ရန်ကုန်ကြည့်မြင်တိုင်က ဟွာကျုံးအထက်တန်းကျောင်းဆီ တက်ရောက်ပါတယ်။စာတော်တာရယ်၊ချို့တဲ့တာရယ်ကြောင့် ကျောင်းလခ ကင်းလွတ်ပါတယ်။ဘော်ဒါဆောင်နေတာကြောင့် အဆောင်ခနဲ့ ထမင်းဘိုးကို ရှာရပါတယ်။အိမ်ကချို့တဲ့တာကြောင့် စရိတ်စက ကျနော့ဘာသာ ရှာရတယ်။ညနေကျောင်းဆင်းတာနှင့် ၂၂လမ်း အထက်ဘလောက်မှာ တည်ထောင်ထားတဲ့ News Rangoon Post ရန်ကုန်သစ်ညနေထုတ်သတင်းစာတိုက်ဆီ၊ တိုက်ကပေးတဲ့ စက်ဘီးအဟောင်းအနွမ်းလေးကို ဒုန်းစိုင်းစီးပြီး သတင်းစာတိုက်ဆီ အပြင်းနင်းပါတယ်။ပို့ရမယ့်သတင်းစာစောင်ရေ သုံးဆယ်လောက်ကို သယ်ဆောင်ပြီး ဦးဝိစာရလမ်းအတိုင်း မနားတမ်း နင်းရပါတယ်။ဟံသာဝတီအဝိုင်းကြီးကိုပတ်ပြီး ပြည်လမ်းအတိုင်း ဆက်လက်နင်းရာ ကမာရွတ်အဝိုင်းကြီးကို ဘယ်ဘက်ယာဉ်ကြောလမ်းအတိုင်း ပတ်လိုက်တယ်။အင်းစိန်လမ်းအတိုင်း ဆက်လက်နင်းရာ RIT ရန်ကုန်စက်မှုတက္ကသိုလ်ဝင်းကြီးထဲ ချိုးဝင်လိုက်တယ်။ဆရာ၊ဆရာမတွေ အဆောင်က လပေးမှာယူထားတဲ့ အခန်းတွေဆီ အရောက်ပို့ဆောင်ရပါတယ်။ထို့နောက် အင်းစိန်မြို့တွင်းက လပေးမှာယူတဲ့အိမ်တွေဆီ လိုက်လံပို့ဆောင်ပါတယ်။အင်းစိန်ကမ်းနားရောက်ချေမှ ကုန်ဆုံးသွားပါတယ်။အားလုံးပြီးစီးသွားတယ်။မှောင်ရီပျိုးစလောက်မှ ဟွာကျုံးကျောင်းတော်ဆီ ပြန်လည်ရောက်ရှိပါတယ်။

ရေမိုးချိုး ထမင်းစားပြီး အဆောင်နေကျောင်းသူ ကျောင်းသားများ နားသောတဆင်ဖို့ အဆောင်မှူးအခန်းက ဓာတ်ပြား ဓာတ်စက် တိပ်ရီကော်ဒါက တေးသီချင်းတွေကိုဖွင့်တဲ့ တာဝန်ကိုပါ ကျနော်ယူထားပါတယ်။အိပ်ချိန်ရောက်မှ ကျနော့အိပ်ယာထက်ဆီ နားခိုအိပ်စက်ပါတယ်။မနက်အိပ်ယာထချိန် သံချောင်းခေါက်တော့ ကျနော် ကမန်းကတမ်း သွားတိုက်မျက်နှာသစ် ၊ ပြီးရင် အဆောင်မှူးအခန်းထဲဆီဝင်၊ နံနက်ချိန်ခါတေးသံသာ ဓာတ်ပြားတေးသီချင်းကိုဖွင့်၊အချိန်ရောက်ရင် နံနက်လေ့ကျင့်ခန်းအတွက် ဘောလုံးကွင်းမှာ အဆောင်နေ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားတို့ အားလုံး စုရုံးကြပါတယ်။ကျနော်က နံနက်လေ့ကျင့်ခန်းဓာတ်ပြားကို ဖွင့်လိုက်တယ်။ပြီးတာနဲ့ ဘောလုံးကွင်းလေးဆီ အပြေး‌လေးနှင်လိုက်တယ်။အားလုံးနှင့်အတူ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါတယ်။ပြီးစီးခါနီးမှာ အဆောင်မှူးအခန်းဆီ အပြေးလေးနှင်ကာ အခြားဖျော်ဖြေရေးဓာတ်ပြား တိပ်ရီကော်ဒါတေးချင်းများကို ပြောင်းလဲဖွင့်လိုက်တယ်။ကမန်းကတမ်း ရေမိုးချိုး၊ နံနက်စာ စားသောက်ပြီး ဓာတ်စက်ကို ပိတ်လိုက်တယ်။စာသင်ခန်းထဲ ဝင်လိုက်တယ်။

နေ့လည်ထမင်းစားချိန် ထမင်းစားဆောင်မှာ ကတိုက်ကရိုက် ထမင်းစားတယ်။စားပြီးတာနဲ့ ကျောင်းစာကြည့်တိုက်ဆီ တက်သွားတယ်။စာအုပ်အငှားအပြုကို ဆောင်ရွက်ပါတယ်။စာကြည့်တိုက်မှာ လစာရပါတယ်။နောက်ပြီး ကျောင်းရဲ့စာရွက်စာတမ်း စာကူးစက်လှည့်တာမှာလဲ လစာရပါတယ်။ထိုထိုသော ငွေကြေးတို့ဖြင့် ကျနော့ရဲ့ အဆောင်ခ စားစရိတ်တို့ကို ရှာရပါတယ်။ခြွေတာခြစ်ကုပ် စုဆောင်းခြင်းဖြင့် ကိုယ်ဖတ်လိုတဲ့စာအုပ်ကို ဝယ်ခြမ်းရပါတယ်။ဟွာကျုံးရဲ့ကျောင်းသားဘဝဟာ ကျနော့အတွက် အတွေ့အကြုံ သင်္ခန်းစာ အများအပြားရရှိပါတယ်။

အဆောင်မှူးက ဆရာဟုန်စွတ်လျိုင်ပါ။ဆရာ့ဆီက အတွေးအခေါ် ပညာရပ်တွေ ရရှိပါတယ်။ဆရာဟာ ၁၉၆၇၊ ဇွန်လ တရုတ်အရေးအခင်းပြီးနောက်မှာ KNU က ဖဒိုစကောလယ်တော၊ ဖဒိုမန်းရှာတို့နှင့်အတူ မြန်မာပြည်အရှေ့မြောက်ပိုင်းခရီးမှာ ဆရာဟုန်စွတ်လျိုင် လိုက်ပါသွားတဲ့အကြောင်း ဖဒိုစကောလယ်တောရေးတဲ့ 'ကရင့်တော်လှန်ရေးသမိုင်း' စာအုပ်မှာ ဖတ်လိုက်ရတော့မှ သိလိုက်ရပါတယ်။ကျနော့ရဲ့ တော်လှန်ရေး၊နိုင်ငံရေးသန္ဓေက ထိုစဉ်ကတည်းက ကျနော့ခန္ဓာကိုယ်ထဲမှာ ကိန်းဝပ်နှင့်ပြီး ဖြစ်ပါတယ်။

၁၉၆၄ခုနှစ် နွေကျောင်းပိတ်ရက် ။ ၆၂မှာ အာဏာသိမ်းတဲ့ ဗိုလ်နေဝင်းတော်လှန်ရေးအစိုးရရဲ့ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ‌တို့ကို နိုင်ငံပိုင်ခေါ် ပြည်သူပိုင်သိမ်းမယ့်ဂယက် တလှိုင်လှိုင် ထွက်ပေါ်လာတယ်။ကမာရွတ်လှည်းတန်းနဲ့ နီးတဲ့ ဒေါ်ရွှေခြံလမ်းကြားထဲမှာ ဘကြီး ဦးကြီးစိန်ရဲ့ တိုးတက်ရေးစွပ်ကျယ်စက်ရုံရှိတယ်။တော်လှန်ရေးအစိုးရရဲ့ ပြည်သူပိုင်သိမ်းမယ့်ဂယက်ကြောင့် ဘကြီးက စာရင်းဇယားတွေ ကူလုပ်ပေးဖို့ ကျနော့ကို ခေါ်ပါတယ်။အစစအရာရာ ကူညီဆောင်ရွက်ပေးပါတယ်။အဲဒါနဲ့ ကျနော့ရဲ့ လုပ်ရည်ကိုင်ရည်ကို ကြိုက်နှစ်သက်ပြီး ကျောင်းကထွက်ခိုင်းလိုက်တယ်။ဘကြီးရဲ့စက်ရုံမှာ စာရင်းကိုင်ရော၊စက်မောင်းကော ၊ရုံးတို့ ဘဏ်တိုက်တို့ဆီ ပြေးလွှားရတဲ့ အလုပ်တွေ လုပ်ကိုင်ရပါတယ်။ထို့နောက်ထို့နောက် ကျနော်ဟာ ဘဝအထိုထိုမှာ ကျင်လည်ကျက်စား ရုန်းကန်လှုပ်ရှား ရပါတယ်။ကျောင်းနေစဉ်ကတည်းက နိုင်ငံရေးဓာတ်ခံလေးကလဲ အတန်အသင့် ကိန်းအောင်းနေချေတော့ ၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာတော့ ကျနော် နိုင်ငံရေးထဲ ခြေစုံပစ် ဝင်လျက်သား ဖြစ်သွားပါတယ်။

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar

Article image
Article image
Source: MoeMaKa Media ↗
Share this story

Ask globalread.info

AI news & website helper
What would you like to explore?

I can find stories, explain headlines, or help you use globalread.info.

AI can make mistakes. Check the linked sources. Questions are sent to OpenAI.