ကြံထူး - ကျွန်တော်တို့ရွာ ကျွန်တော်တို့ကဗျာ (သို့)အရပ်ပြဇာတ်

ကျွန်တော်တို့ရွာ ကျွန်တော်တို့ကဗျာ (သို့)အရပ်ပြဇာတ်
ကြံထူး
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၆
ကျွန်တ်ောအကြိုက်ဆုံးဇာတ်ပွဲကိုပြောပါဆိုရင် သီတင်းကျွတ်မှာ ကပြတဲ့ ကျွန်တော်တို့ရွာက အရပ်ဇာတ်ပွဲပဲ။
စတိတ်ရှိုးဆိုတာတွေ မဟားတရားကောင်းလွန်းလို့လားဆိုတော့လည်း မဟုတ်ဘူး။ အဆိုနဲ့အတီး လမိုင်းမကပ်လေ ကြိုက်လေပဲ။ တွံတေးသိန်းတန်ရဲ့ မိအေးဘယ်မှာလဲသီချင်းကို တီးဝိုင်းက အမှန်အကန်တီးနေပေမဲ့ဆိုတဲ့သူက hip hop သံစဉ်တွေနဲ့ နောက်က ခွေးရူးလိုက်သလိုအမြန်ဆို၊ အက ပုံစံကလည်း hip hop စတိုင်နဲ့က။ နောက်ဆုံးတော့ တီးဝိုင်းကလည်း မြူးမြူးကြွကြွ၊ မြိုင်မြိုင်ဆိုင်ဆိုင် လိုက်တီးရတာပဲ။ ဒီလိုအဆီအငေါ် မတည့်တာကပဲ အရပ်ဇာတ်ကို ကြိုက်ရတဲ့ အဓိကအကြောင်းအရင်းဖြစ်ရတာပါပဲ။
စတိတ်ရှိုးတင်ပဲ အိုးနင်းခွက်နင်းနိုင်တာလားဆိုတော့ မဟုတ်ဘူး။ ပြဇာတ်ကလည်း ထိုနည်း၎င်းပါပဲ။ ပြဇာတ်ထဲမှာ သေနတ်ပစ်တဲ့အခန်းပါရင် သေနတ်ပစ်တဲ့အချိန် ဗျောက်အိုး ဒါမှမဟုတ် ဗျောက်လိပ်ဖောက်ရတယ်။ တခါသားမှာတော့ မင်းသားက လူဆိုးကို သေနတ်နဲ့ ပစ်ရတော့မယ်။ ဗျောက်ဖောက်မဲ့သူကလည်း အသင့်ပြင်ထားရတယ်။ ဗျောက်ဖောက်တဲ့သူနဲ့ ချိန်သားကိုက်ဖြစ်အောင် မင်းသားက ပစ်ပြီဆိုတဲ့အကြောင်း လူဆိုးကို ပြောသလိုနဲ့ ပြောရတယ်။ “မင်းကို အရှင်မထားတော့ဘူး။ ပစ်ပြီကွာ။ ရော့…..” ဆိုပြီး အော်လိုက်တဲ့အချိန်မှာ ဗျောက်က မပေါက်လိုက်ဘူး။ အဲဒီအချိန်မှာ မင်းသားကလည်း အရှိန်မပျက် ဇာတ်ကို ထိန်းရတယ်။ “မင်းကိုငါ အခုမသ-တ်သေးဘူး၊ မင်းကို ငါပြောစရာရှိသာ ပြောရဦးမယ်” ဆိုပြီး သေနတ်ကို ဘောင်းဘီအိတ်ထဲ ပြန်ထည့်ထားလိုက်တယ်။ အဆီအငေါ် မတည့်ပုံများ အဲဒီအချိန်မှ ဗျောက်အိုးက ထမြည်တယ်။ ဒီတော့ မင်းသားခင်ဗျာ အလိုက်သင့်ပြန်ပြောရပြန်တယ်။ “အရေးထဲ သေနတ်က ကျည်ထွက်သွားတယ်” လို့ပြောပြီး ခြေထောက် ဒဏ်ရာ ရချင်ယောင်ဆောင်ရတယ်။ “နည်းနည်းလေးတော့လွဲနေတယ်၊ လွဲလွဲလေးပဲ ကောင်းပါတယ်” ဆိုတာ ကျွန်တော်တို့ရွာအရပ်ဇာတ်ကတာမှ တကယ့်အစစ်ပါ။ ဒီလိုကြိုတင်တိုင်ပင်ထားတာမဟုတ်တဲ့ အလွဲလေးတွေကပဲ ပရိသတ်ကို ပိုပြီးဆွဲဆောင်နိုင်စေတာပါ။
တစ်နှစ်မှာ ရန်ကုန်ကနေ ရွာကို ပြန်လာတဲ့ လူငယ်တစ်ယောက်က ပြဇာတ်ထဲ ပါချင်တယ်။ ဒါပေမဲ့ ခက်တာက သူက စကားပြောရင် ထစ်ငေါ့ထစ်ငေါ့နဲ့မို့ စကားပြောခန်းတွေမှာ အဆင်မပြေမှာလည်း စိုးရတယ်။ ဒါပေမဲ့ အဲဒီလူငယ်ကလည်း ဘယ်လိုအခန်းကပဲ ပါရပါရ၊ ပါရရင်ပြီးရောဆိုတဲ့အဆင့်ထိ စိတ်ဆန္ဒက ပြင်းပြနေတယ်။ ဒီလိုနဲ့ သူ့ကို “လူသ-တ်သမား သုည” လို့ အမည်ပေးထားတဲ့ တစ်ခန်းရပ် ပြဇာတ်ထဲမှာ ပါခွင့်ပေးလိုက်တယ်။ သူလည်း သူဖြစ်ချင်တဲ့အတိုင်း ပြဇာတ်ထဲပါရမှာမို့ ရင်တွေ အတော်ခုန်နေရှာတယ်။ သူ့အမေကိုလည်း သူပါမဲ့ ပြဇာတ်ကို လာအားပေးဖို့ ကြိုပြောထားတယ်။ နောက်တစ်နေ့ မိုးလင်းတော့ မိခင်ဖြစ်သူကို သူ သရုပ်ဆောင်တာ ကောင်းလားလို့ မေးလိုက်တယ်။ မိခင်ဖြစ်သူကလည်း ရိုးရိုးသားသား ပြန်ဖြေရှာပါတယ်။ “ငါ့သားရယ်၊ ငါ့သားပါမယ်ဆိုလို့ အမေ့မှာ အိပ်ရေးပျက်ခံပြီးလာကြည့်ပါတယ်။ ဇာတ်လမ်းထဲမှာ ငါ့သားကိုလည်း မမြင်လိုက်ရပါဘူး” တဲ့။ အဲဒီတော့ သားဖြစ်သူက သူပါရတဲ့ အခန်းအကြောင်း ပြန်ရှင်းပြတယ်။ “အမေကလည်းဗျာ။ ဇာတ်လမ်း စစချင်းမှာ စောင်ခြုံလေးနဲ့ အိပ်နေတဲ့အချိန် ဓား-နဲ့-ထိုး အသ-တ်ခံလိုက်ရတာ ကျွန်တော်ပေါ့။” တဲ့။ ဖြစ်ချင်တော့ အသ-တ်ခံရတာတောင် ရိုးရိုး အသ-တ်ခံရတာ မဟုတ်ဘူး။ အိပ်ပျော်နေတဲ့ အချိန်။ အဲဒီတော့ “အမလေး” လို့တောင် အော်စရာ မလိုတဲ့အခန်း။ ပိုဆိုးတာက စောင်က ခြုံထားရသေးတော့ ဘယ်သူဘယ်ဝါဆိုတာလည်း ဘယ်သူမှ မမြင်ရဘူး။ ဒါ့ထက်ဆိုးတာက မိခင်ဖြစ်သူက သားပါမှာမို့ ဇာတ်စင်ရှေ့နားက သွားကြည့်တော့ စောင်ခြုံပြီး အိပ်နေတာတောင် မမြင်လိုက်ရဘူး။ တစ်ခါတစ်လေ အရပ်ဇာတ်ရဲ့ အလွဲလေးတွေက ဇာတ်စင်ပေါ်မှာတင် ဆုံးမသွားပဲ တကယ့်အပြင်ထိပါ ပါလာတတ်တာမျိုး။ ဒီလို အလွဲလေးတွေဟာ ဇာတ်ပွဲကခဲ့တာ ဆယ်စုနှစ်တွေချီကြာခဲ့ပေမဲ့ ပြန်ပြောတိုင်း ရယ်ပွဲဖွဲ့နေရတုန်းပါပဲ။
ဒါကြောင့်လည်း လူမှုနယ်ပါယ်မှာ အလွဲလေးတွေနဲ့ အတိုင်အဖောက်ညီညီ အဆင်ပြေနေတဲ့အခါ “သူ့အရပ်နဲ့ သူ့ဇာတ် တော့ ဟုတ်နေတာပဲ” လို့ ဆိုစမှတ်ပြုကြရတာပါ။
အခုတော့ ရွာမှာလည်း ဇာတ်ပွဲသံတွေ တိတ်ဆိတ်သွားတာ ၆ နှစ်လောက်ရှိရောပေါ့။ အစကတော့ ကိုဗစ်ကြောင့် ငြိမ်သက်သွားခဲ့ရတာ။ ပြီးတော့လည်း ကိုစစ်ကြောင့်ပေါ့။
မဝေးလှတဲ့ အနာဂတ်မှာတော့ ရွာရဲ့ ဇာတ်ပွဲထဲက အလွဲလေးတွေနဲ့ ရယ်ပွဲဖွဲ့ခွင့်လေးတွေ ပြန်ရတန်ကောင်းပါရဲ့။ ရွာကိုလွမ်းရတဲ့အကြောင်းတွေထဲမှာ သီတင်းကျွတ် အရပ်ဇာတ်လည်း အပါအဝင်ပေါ့။ သီတင်းကျွတ်နားနီးလာတော့ ရွာကိုလည်းလွမ်း၊ သူငယ်ချင်းတွေကိုလည်း လွမ်းရင်း တွေးမိတွေးရာ ရေးဖြစ်သွားတာပါ။ ကိုယ်တိုင် ပြဇာတ်မင်းသား အခန်းက သရုပ်ဆောင်ပြီး မင်းသမီးလက်လေးကိုင်ခွင့်ရခဲ့တာတော့ လွမ်းလည်း မလွမ်းလောက်လို့ထည့်မပြောတော့ပါဘူးလေ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar

